Friday, October 18, 2013

တိုင်းရင်းသားအဖွဲ့များနှင့်ငြိမ်းချမ်းရေးကိစ္စ ဗုံးကြောင့် ရပ်တန့်ဖွယ်မရှိဟု ဦးရဲထွဋ်ဆို



အောက်တိုဘာ (၁၈)ရက်၊ ၂၀၁၃ ခုနှစ်။
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ မည်သည့်အကြောင်းနှင့်မျှ ရပ်တန့်နိုင်စရာ အကြောင်းမရှိဟု ဗုံးဖောက်ခွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍  ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြား လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ရပ်တန့်သွားစရာအကြောင်းမရှိပါဘူး ကျွန်တော်တို့ နိုင်ငံတော် အစိုးရကလည်း ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပါပြီ၊ အဲ့ဒီအတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးကို မရရအောင် တည်ဆောက်မယ်” ဟု ဦးရဲထွဋ်က ပြောသည်။
အောက်တိုဘာ(၁၈)ရက်နေ့၊ ညနေ(၃း၀၀)နာရီအချိန်က ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်းအတွင်း ပြုလုပ်သည့် မီဒီယားများနှင့်တွေ့ဆုံပွဲ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အစိုးရနှင့်တိုင်းရင်းလက်နက်တပ်ဖွဲ့(၁၄)ဖွဲ့သည် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်များထိုးထားပြီး ကျန်ရှိနေသေးသည့် KIO နှင့် TNLA အဖွဲ့တို့နှင့်လည်း ဆွေးနွေးညှိုနှိုင်းလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ(၁၀)ရက်နေ့ကမူ KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက်(၇)ချက်၊ မူ(၅)ခု၊ စည်းကမ်းချက် (၁၈)ချက်ဖြင့် နှစ်ဘက် သဘောတူညီခဲ့ကြောင်းသိရသည်။
ထိုဆွေးနွေးပွဲပြီးနောက် အောက်တိုဘာလကုန်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများမှ ခေါင်ဆောင်များပါဝင်မည့် ညီလာခံ တစ်ရပ်ကိုလည်း လိုင်ဇာမြို့တွင် ကျင်းပကာ အစိုးရ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပွဲနှင့် နိုင်ငံရေးဆွေးနွေးကာ သဘောထားများ ရယူသွားမည်ဟု KIO နည်းပညာအထောက်အကူပြုအဖွဲ့ ဦးဒေါင်ခါးထံမှ သိရှိ ရသည်။
“ရည်ရွယ်ချက်က ကျွန်တော်တို့ သဘောတူညီချက်မှာ တိုက်ပွဲ ထပ်မံမဖြစ်ပွားရေးဆိုတဲ့ဟာပါတယ်၊ ပြီးတော့ နောက်တစ်ခု က nation wide ceasefire နဲ့ပတ်သက်ပြီး အစိုးရရဲ့ စီမံချက်ပေါ့ အဲ့စီမံချက် တောင်းထားတယ်၊ အဲ့ဒါပြီးရင် political dialogue  လုပ်မယ်ဆိုတဲ့ဟာပါတယ်ဆိုတော့ ဒီအရှိန်နှစ်ခုကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထား တစ်ခုခုရဖို့ အရေးကြီးတယ်ပေါ့၊ အစိုးရလုပ်တဲ့ nation wide ceasefire လုပ်တယ်စီမံချက်အပေါ်မှာ အခြေခံပါတယ်” ဟု ဦးဒေါင်ခါးက ဆက်ပြောသည်။

No comments:

Post a Comment