Saturday, October 12, 2013

ဖိုက်ဘာနံပါတ်ပြားဖြင့် မောင်းနှင်ပါက အရေးယူမည်


အောက်တိုဘာ ၁၂ ရက်၊ရန်ကုန်မြို့။
 
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးထားသည့် ဖောင်းကြွ နံပါတ်များ တပ်ဆင်ခြင်းမရှိဘဲ ဖိုက်ဘာ နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုပါကအရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
လက်ရှိ ရန်ကုန်မြို့၏ ကားလမ်းမများအတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးထားသည့် ဖောင်းကြွ နံပါတ်ပြားများ မတပ်ဆင်ဘဲ ဖိုက်ဘာ နံပါတ်ပြားများတပ်ဆင်မှုများ ရှိလာခြင်းကြောင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
“ က.ည.န ကနေထုတ်ပေးတဲ့ ဖောင်းကြွ နံပါတ်ပြားကို မတပ်ဘူး၊ နံပါတ်ပြား မရခင် ကာလ ဖိုက်ဘာနံပါတ်ပြားတွေနဲ့ တပ်ထားတယ်၊ ဖောင်းကြွ နံပါတ်ပြား ရပြန်တော့လည်း ပြန်မဖြုတ်ဘူး၊ ဒါတွေက အခု တစ်ဖြည်းဖြည်းမြို့ထဲမှာ များလာတယ်။ ဒီအတွက် အရေးယူဖို့ ကျွန်တော်တို့ကို တာဝန်ပေးလိုက်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့်ကြီး ကြပ်မှု ကော်မတီမှ ဒုရဲအုပ် တင်ထွေးက ပြောသည်။
အဆိုပါ ဖိုက်ဘာ နံပါတ်ပြားများသည် ဖောင်းကြွ နံပါတ်ပြား ထုတ်ယူနိုင်သည့် က.ည.န ရုံးရှေ့တွင် နံပါတ်ပြား ပြုလုပ်ရောင်းချသူ အချို့က လာရောက်ရောင်းချခြင်းဖြစ်ပြီး နံပါတ်တစ်စုံလျှင် နှစ်ထောင်ကျပ်ပေးရကြောင်းသိရသည်။
“ ဒီကိစ္စအတွက် ကျွန်တော်တို့ အရေးယူဖို့ ပြင်ဆင်နေပါတယ်၊ လူတွေက အလွယ်လုပ်ကြလို့ အခုလို အခြေအနေဖြစ်တာ၊ ဒါကလည်း နိုင်ငံတော် အခွန်ငွေဆောင်ဖို့ကို တစ်နည်းတစ်ဖုံ ရှောင်ကြတာပဲ” ဟု က.ည.န(မြင်သာ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဖောင်းကြွ နံပါတ်ပြားဖြင့် မဟုတ်ဘဲ ဖိုက်ဘာ နံပါတ်ပြားဖြင့် မောင်းနှင်ပါက ဒဏ်ငွေ ကျပ်တစ်သောင်းကျော်အထိ ကျခံနိုင်ပြီး  ဆက်လက် အသုံးပြုနေကြောင်းသိရှိပါက ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
''ဖိုက်ဘာနံပါတ်ပြားနဲ့မောင်းရင်အရေးယူမယ်ဆိုတာကောင်းပါတယ်။အခုလူတွေက မမောင်းတတ်
မောင်းတတ်နဲ့မောင်းကြတယ်။ကားလမ်းတွေကလည်းကျပ်တော့ကားချင်းချိတ်မိတာတွေ၊ကားတိုက်မှု ဖြစ်တာတွေဖြစ်တော့မောင်းပြေးကြတယ်။နံပါတ်ပြားကိုမှတ်ထားပေမယ့်တကယ့်တကယ်လိုက်ဖမ်း တော့မမိဘူး။ကားတွေကလည်းwithout တွေကလည်းများတယ်။ဖောင်းကြွတွေတပ်ပြီးမောင်းနေတာ များလာတယ်။အခုလို့အရေးယူတော့မယ်ဆိုရင်တစ်ပြေညီတည်းတိတိကျကျအရေးယူရင်ပိုကောင်း
တာပေါ့''ဟုရန်ကုန်မြို့တွင်းအငှားယာဉ်မောင်းတစ်ဦးဖြစ်သူကိုတင်အောင်ဇော်ကပြောသည်။
ဖိုက်ဘာ နံပါတ်ပြား အသုံးပြုသူများသည် နံပါတ် ထုတ်ယူပြီး ငွေမသွင်းသေးဘဲ ဖိုက်ဘာနံပါတ်များနှင့် မောင်းနှင်ခြင်း ဖြစ်ကြောင်း၊ ငွေသွင်းပြီးသုံးရက်ကြာပါက ဖောင်းကြွ နံပါတ်ပြား ထုတ်ယူနိုင်သော်လည်း အချို့ကားများမှာ လာရောက်ထုတ်ယူမှု မရှိဘဲ ဖိုက်ဘာနံပါတ်ပြားများ အသုံးပြုနေခြင်း ဖြစ်သောကြောင့် အရေးယူရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့
ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

No comments:

Post a Comment