Tuesday, January 21, 2014

၁။မလေးရှားလမ်းဘေးလုပ်ငန်းခွင်များ၌ အသုံးပြုရန် မြန်မာကလေးငယ်များ လူကုန်ကူးခံရမှုများလာ

ဇန်န၀ါရီလ ၂၁ရက်၊ ရန်ကုန်မြို့။
မြန်မာနိင်ငံတွင် လူကုန်ကူးမှုအမျိုးအစားများစွာရှိသည့်အနက် ကလေးသူငယ်များကို မလေးရှားနိင်ငံသို့ လူကုန်ကူးရန်တင်ပို့မှု အများဆုံးဖြစ်ပြီး တင်ပို့ခံရသည့်ကလေးအများစုမှာ လမ်းဘေးစီးပွားရေးလုပ်ငန်းခွင်များ၌ ခိုင်းစေနိုင်ရေးအတွက်ဖြစ်သည်ဟု လူကုန်ကူးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ သိရသည်။
“အများစုက လမ်းဘေးမှာတစ်ခုခု ရောင်းခိုင်းတယ်။ ညမှ လာသိမ်းတယ်။ ငွေးမပြည့်ရင် အစာမကျွေးဘဲ ထားတယ်။ တချို့ ကလေးတွေကို တောင်းစားခိုင်းတယ်။ မိဘက ဂရုမစိုက်တဲ့ ကလေးတွေ အများဆုံး ပျောက်တယ်။ ကလေးတွေ ခိုးတာတွေ လည်း ရှိတယ်။ ရဲစခန်းက အမှုဖွင့်ထားပေမယ့် စုံစမ်းရခက်တာတွေလည်း ရှိနေသေးတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန် ကူးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဝေလွင် က ဆိုသည်။
ကလေးလူကုန်ကူးမှုတွင် ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ မိဘအုပ်ထိန်းမှုနှင့် ကင်းကွာနေသည့် ကလေးငယ်များ အများဆုံး လူကုန်ကူးခံရကြောင်း၊ တိုးမြင့်ဖော်ဆောင်လာသည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပညာပေးလုပ်ငန်းများကြောင့် ၂၀၁၃ခုနှစ်၌ အရေအတွက်အားဖြင့် လျော့ကျလာကြောင်း သိရှိရသည်။
“တချို့ နယ်ဘက်မှာက မိသားစုကများ၊ ကလေးတွေကို မကျွေးနိင်တော့ မြို့ကနေစရိတ်၊ စားစရိတ်ငြိမ်းရမယ် ဆိုရင်ပို့ကြတယ်။ ပိုက်ဆံလည်းရ၊ ကျွေးရမယ့်သူတစ်ယောက်လျော့သွားလို့ သူတို့အတွက်ကိုက်တယ်လေ။ ပွဲစားမှာလည်း လူလည်ရှိသလို၊ တကယ်အလုပ်ရဖို့ လုပ်ပေးတာလည်းရှိတယ်။ အဓိက လူကုန်ကူးမှုသားကောင် မဖြစ်အောင် မိဘနေတွေအနေနဲ့ အမှားအမှန် ခွဲခြားပြီး ကိုယ့်ကလေးကိုယ်စောင့်ရှောက်သင့်တယ်” ဟု အောင်မင်္ဂလာ အဝေးပြေးကွင်းမှ ဒုဌာနမှူး ဦးမျိုးဝင်းက သုံးသပ်သည်။
မြန်မာနိင်ငံတွင်လည်း ကလေးငယ်များသာမက မိန်းကလေးများကိုလည်း တရုတ်နိုင်ငံသို့ အိမ်ထောင်ပြုရန် အတွက် ရောင်းချမှု များ၊ ကလေးငယ်များနှင့် ယောင်္ကျားလေးများကို ငါးဖမ်းလုပ်သားများအဖြစ် ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချခြင်းများရှိနေကြောင်း သိရှိရသည်။
“အရင်က မိန်းမတစ်ယောက်က ကလေးကို ပုခက်ထဲသိပ်ပြီး ထမင်းထည့်နေတာကို နေ့ခင်းကြီး ၀င်ခိုးသွားတာ ကြားဖူးပေမယ့် အရေး မထားခဲ့ဘူး။ ကိုယ့်ကလေး ဈေးထဲမှာ ပျောက်သွားမှ အရမ်းခေါင်းကြီးသွားတယ်၊ တစ်လမ်းဝင် တစ်လမ်းထွက် သူ့အဖေ နဲ့ ရှာတာ ဦးလေးကြီးတစ်ယောက်က ချီလာတာတွေ့မှ စိတ်အေးသွား ရတယ်။ အဲ့ဒီလူသာ လူကောင်းမဟုတ်ရင် ကလေးက မတွေးဝံ့စရာဘဲ” ဟု ယုဇနဥယျာဉ်မြို့တော်မှကလေးပျောက်ဘူးသည့် မိခင်တစ်ဦးက ပြောသည်။
ကလေးငယ်လူကုန်ကူးခံရမှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်း၌လည်း ဖြစ်ပွားလျက်ရှိရာ ၁ဝ ရက်သားအရွယ် ကလေး ငယ်တစ်ဦးကို အသက် ၆၂ နှစ် အရွယ် ဂရိ နိုင်ငံသားတစ်ဦးမှ  ဘူလ်ဂေးရီးယားနိုင်ငံအလယ်ပိုင်း Volos မြို့ရှိ ရှေ့နေ တစ်ဦး၏ အကူအညီဖြင့် ၁ဝ ရက်သားအရွယ် ကလေးတစ်ဦးအား အမေရိကန် ဒေါ်လာ ၆၈ဝဝ ဖြင့် တရားမဝင် မွေးစားရန် စီစဉ်နေမှုကို ဂရိရဲတပ်ဖွဲ့မှ စစ်ဆေးတွေ့ရှိပြီး အဆိုပါအမှုနှင့်ပတ်သက်၍ ဘူလ်ဂေးရီးယားနိုင်ငံသား ၅ ဦး အပါအဝင် လူခုနစ်ဦးကို တရား မဝင်ကလေး လူကုန်ကူးမှုဖြင့် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဂရိရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။

No comments:

Post a Comment