ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ရက်၂၀ အတွင်း သိန်းတစ်ထောင်နီးပါး ဈေးနှုန်းမြင့်တက်လာသည်ဟု ရန်ကုန်အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရှိရသည်။
အဆိုပါရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ
အိမ်ခြံမြေများမှာ လှိုင်သာယာမြစ်ကူးတံတားမဆောက်ခင် အချိန်က တစ်ဧက ကိုကျပ်သိန်း၂၅၀၀မှသိန်း
၃၀၀၀ အတွင်းသာရှိပြီး တံတားစတင်ဆောက်လုပ်သည့် အချိန်မှစ၍ တဖြည်းဖြည်း ဈေးမြင့်တက်လာခဲ့ပြီး
လက်ရှိအချို့နေရာများ၌ တစ်ဧကလျှင် ကျပ်သိန်းလေးထောင်အထိ ဈေးမြင့်တက်လာခြင်း ဖြစ်သည်ဟု
အိမ်ခြံမြေအကျိုးဆောင်အသိုင်းအ၀ိုင်းက သိရှိရသည်။
“တံတားမဆောက်ခင် အချိန်တုန်းက အရောင်းအ၀ယ်အေးတယ်။
ဈေးနှုန်းလည်း အခုလိုမမြင့်ဘူး။ အခုတံတားက ဆောက်နေပြီဆိုတော့ အိမ်ခြံမြေဈေးနှုန်းတွေက
သိသိသာသာမြင့်တက်လာတယ်။ ဈေးကမြင့်နေပေမယ့်လည်း ရောင်းသူဝယ်သူအဆင်ပြေရင် အရောင်းအ၀ယ်ကတော့
ဖြစ်ကြတာပါပဲ” ဟု Estate Myanmar မှလှိုင်သာယာ မြို့နယ်အိမ်ခြံမြေကိုယ်စားလှယ်ကိုနိုင်မျိုးဦးက
ပြောသည်။
၂၀၁၃ ခုနှစ်နှောင်းပိုင်းဖြစ်သည့်
ဒီဇင်ဘာလကုန်ပိုင်းမှစတင်၍ လှိုင်သာယာမြို့နယ်အတွင်းရှိ
အိမ်ခြံ မြေများ အရောင်းအ၀ယ်များ ပြန်လည်လှုပ်ခတ်လာပြီး တစ်လမကုန်ခင်အချိန်မှာပင်အိမ်ခြံမြေဈေးနှုန်းများ
အဆမတန် မြင့်တက်လာခြင်းဖြစ်သည်။
“ဒီဘက်မြေကွက်အရောင်းအ၀ယ်တွေက
ဆီးဂိမ်းမကျင်းပမီ ကာလတုန်းကဆို တော်တော်အေးနေခဲ့တာ။ အခု ဆီးဂိမ်းပွဲတော်ပြီးသွားတဲ့
နောက်ပိုင်းကစပြီး အရောင်းအ၀ယ်နဲ့အငှားပါ အလုပ်နည်းနည်း ဖြစ်လာတယ်” ဟု လှိုင်သာယာမြို့နယ်မှ
အိမ်ခြံမြေပွဲစားမသော်သော်နိုင်ကပြောသည်။
၂၀၁၃ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအတွင်းမှ စတင်ကာ
လှိုင်သာယာမြို့နယ်ရပ်ကွက်အတွင်းရှိ မြေကွက်များသာမက စက်မှုဇုံမြေကွက်များပါ အရောင်းအ၀ယ်အနည်းငယ်ဖြစ်လာကြောင်း၊
၂၀၁၂ ခုနှစ်၏ အရောင်းအ၀ယ် ဈေးကွက်နှင့် နှိုင်းယှဉ်ပါက အရောင်းအ၀ယ်နည်းသော်လည်း ၂၀၁၃ခုနှစ်အတွင်း
စက်မှုဇုံမြေကွက်များမှာ အ၀ယ်ထက်အငှားသာ ပိုမိုအလုပ်ဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ
ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်ရှိသော ပေ ၄၀× ၆၀ အိမ်ပါ မြေတစ်ကွက်လျှင်
၂၀၁၂ ခုနှစ်အတွင်းကရောင်းဈေးသိန်း(၇၀၀)၀န်းကျင်သာပေါက် ဈေးရှိ ခဲ့ရာမှ ၂၀၁၃ခုနှစ်
နှစ်ကုန်ပိုင်းတွင် ကျပ် သိန်းတစ်ထောင်ကျော်ဝန်းကျင်အထိပေါက်ဈေးရှိ လာကြောင်း နှင့်
ပေ၂၀× ၆၀ မြေ တစ်ကွက်လျှင် ရက်၂၀ မတိုင်ခင်က ကျပ်သိန်း(၃၀၀)၀န်း ကျင်သာရှိပြီး လက်ရှိအချိန်တွင်
ကျပ်သိန်း(၆၀၀) ၀န်းကျင်အထိ ဈေးပေါက်လျက်ရှိကြောင်း လှိုင်သာယာမြို့နယ်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းရှင် များထံမှ သိရှိရသည်။
No comments:
Post a Comment