ဇန်န၀ါရီ - ၂၁ ရက်၊ ၂၀၁၄ခုနှစ
မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးနှင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust) တို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့ရှားပါးဓါတ်ပုံများပြပွဲကို ဇန်န၀ါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ အထိ ရန်ကုန်မြို့၊ ပန်ဆိုးတန်းလမ်းရှိ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust ) ရုံးခန်း၌ ခင်ကျင်းပြသ သွားမည်ဖြစ်သည်။
အဆိုပါပြပွဲတွင် ပြင်သစ်လူမျိုး Mr.Gilles de Flogny စုဆောင်းထားသော မြန်မာရှားပါးဓါတ်ပုံဟောင်း ၅၀ ခန့် ကို ပြသမည်ဖြစ်ပြီး ၁၉ ရာစုက မြန်မာ့ယဉ်ကျေးမှု၊ ဗိသုကာလက်ရာ၊ ၀တ်စားဆင်ယင်မှုများနှင့် လူမှုဘ၀များ၊ တိုင်းရင်း သားမျိုးနွယ်စုများ၏ နေ့စဉ်လူမှုဘ၀ကို ထင်ဟပ်သည့် ဓါတ်ပုံများ ဖြစ်သည်။
ဓာတ်ပုံအများစုမှာ ၁၈၈၇ ခုနှစ်တွင် မန္တလေးမြို့၌ ဓာတ်ပုံစတူဒီယို တည်ထောင်ဖွင့်လှစ်ခဲ့သည့် အီတာလျံ-ဗြိတိသျှလူမျိုး ဓာတ်ပုံပညာရှင် Felic Beato (၁၈၃၂-၁၉၀၉) ၏ လက်ရာများဖြစ်သည်။
“ဒီဓါတ်ပုံတွေဟာ ကျွန်တော်တို့ရဲ့အတိတ်ကို လှစ်ဟပြနေတဲ့ ပြတင်းတွေဖြစ်သလို အခုပစ္စုပ္ပါန်ကို ပိုမို နားလည်သဘော ပေါက်စေမှာဖြစ်ပြီး အနာဂတ်မှာ ဖြစ်လာမယ့် တချို့အရာတွေကိုတောင် ပြောပြကောင်း ပြောပြနိုင်ပါလိမ့်မယ်’’ ဟု ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ထို့ပြင် ၁၈၆၅ မှ ၁၉၁၅ ခုနှစ်အထိ ရန်ကုန်မြို့ရှိ Jack & Bentley စတူဒီယိုကို ပိုင်ဆိုင်ခဲ့သည့် J.Jackson နှင့် ၁၉ ရာစု အကုန် ပိုင်းနှင့် ၂၀ ရာစုဆန်းပိုင်းတွင် ရန်ကုန်နှင့်မော်လမြိုင်မြို့များတွင် စတူဒီယိုဖွင့်လှစ်လုပ်ကိုင်ခဲ့ သူ Philip Kilerတို့ ရိုက်ကူထား သော ဓာတ်ပုံများလည်းပါဝင်မည် ဖြစ်သည်။
“အီတလီလူမျိုး ဓာတ်ပုံဆရာ Felic Beato ရဲ့ ဆန်းသစ်တဲ့ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ အီတလီနိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး နှစ်ပေါင်းများစွာ အခိုင်အမာရှိခဲ့တယ်ဆိုတာကို သက်သေပြနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ် ကြီးက ပြောသည်။
No comments:
Post a Comment