Tuesday, January 21, 2014

ပြိုင်ဆိုင်ဝယ်ယူမှုများကြောင့် ပုသိမ်မှတန်ဖိုးနည်းဖုန်းမှာ ကျပ်တစ်သိန်းကျော်အထိ ဈေးမြောက်လာ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တန်ဖိုးနည်း CDMA 800Mhz ဖုန်းကတ်များကို ယခုရက်ပိုင်အတွင်း မြောင်းမြ မြို့နယ်ရှိ ကျေးရွာများမှ အ၀ယ်လိုက်နေသောကြောင့် တန်ဖိုးနည်းဖုန်းဆင်းကတ်ဈေးနှုန်းများမှာ ကျပ်သိန်းချီ မြင့် တက်လာကြောင်း ဖုန်းဆင်းကဒ်အရောင်းအ၀ယ်ပွဲစားများထံမှ သိရှိရသည်။
“မြောင်းမြမြို့နယ်က ရွာတွေက အ၀ယ်လိုက်နေတဲ့အတွက် အရင်ကတန်ဖိုးနည်း CDMA800 Mhz ဖုန်းကတ်တွေက အများဆုံးကျပ်ခြောက်သောင်းကျပ်ကနေ ဒီရက်ပိုင်းအတွင်းမှာ တစ်သိန်းကျော် အထိဈေးမြင့်တက်နေတယ်။ တခြားတန်ဖိုးနည်းဖုန်းတွေကတော့ အရင်အတိုင်းပါ ပဲ”ဟု ပုသိမ်မြို့ မှဖုန်ဆင်းကတ်အရောင်းအ၀ယ်လုပ်နေသူ ကိုခင်မောင်သိန်းက ပြောသည်။
လက်ရှိတွင်ပုသိမ်မြို့ဖုန်းဈေးကွက်အတွင်းနှစ်သိန်းတန်GSMဖုန်းမှာ တစ်သိန်းခွဲနှင့်နှစ်သိန်းဝန်းကျင်၊ တန်ဖိုးနည်း GSMဖုန်းမှာ ကိုးသောင်းဝန်းကျင်၊ တန်ဖိုးနည်းWCDAဖုန်းများမှာ ရှစ်သောင်းဝန်းကျင်ဈေးရှိနေပြီး ငါးသိန်းတန်ဖုန်း များမှာကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပြီး အတည်တကျဈေးနှုန်းမရှိကြောင်းနှင့် ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာ များမှလည်း အလုံးရေ များပြားစွာလာရောက်ဝယ်ယူလေ့ရှိသည်ဟု ကိုခင်မောင်သိန်းထံမှသိရသည်။
“ရပ်ကွက်တွေထဲမှာတော့ ပြီးခဲ့တဲ့ သင်္ကြန်အကျော်လောက်ကတည်းက ချပေးနေတာ။ ဒါပေမဲ့မရတဲ့ အိမ်တွေက အများကြီး ရှိနေတယ်။ သုံးယောက်လောက်နေတဲ့ တစ်အိမ်တည်းကပဲ ငါးကတ်လောက် ပေါက်နေတော့ ရပ်ကွက် ဖြစ်ဖြစ် ရွာဖြစ်ဖြစ်မိသားစုချင်း ပြိုင်ဆိုင်မှုတွေများလာတယ်။ အဲ့တော့နင်တို့လို ကလိမ်ကကျစ်လုပ်မှ ဖုန်းကိုင် နိုင်တာ မဟုတ်ဘူး။ ကိုယ်ပိုက်ဆံနဲ့ကိုယ်လည်းဝယ်ကိုင်နိုင်တယ်ဆိုပြီး ပြိုင်ဝယ်နေရင်းနဲ့ ဈေးတွေထိုးတက်နေတာ”ဟု ၄င်းကဆက်ပြောသည်။
ပုသိမ်မြို့နယ်အတွင်း၌ ၂၀၁၃ဧပြီလမှ အောက်တိုဘာလအတွင်း တန်ဖိုးနည်းဖုန်းဆင်းကတ် (၂၇၁၀၀)ကို ဖြန့်ဝေ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရသိရသည်။
ထိုကဲ့သို့ ဖုန်းဆင်းကတ်ချထားပေးရာတွင် ဖြစ်ပေါ်ခဲ့သောပြဿနာများနှင့်ပတ်သက်၍ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှတာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ပြောဆိုသည်။
“ရပ်ကွက်နဲ့ကျေးရွာတွေအတွက် ဖုန်းကတ်ခွဲတမ်းတွေကိုဖြန့်ဝေရောင်းချပေးတဲ့အခါမှာ ဧပြီလတစ်လတည်းပဲ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး အဲဒီလနောက်ပိုင်းမှာတော့ ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုဖွဲ့တွေက ကြီးကြပ်ဆောင်ရွက်ပေးခဲ့တာပါ”ဟု ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ အချို့သောရပ်ကွက်၊ကျေးရွာများမှ နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း တိုင်ကြား မှုများရှိခဲ့သဖြင့် ကြီးကြပ်ဆောင်ရွက်သူများအနေဖြင့် လုပ်ငန်းသဘောနားလည် ကျွမ်းကျင်မှုအားနည်းခြင်း၊ တိုင်ကြား သူနှင့် တိုင်ကြားခံရသူ အကြားအမြင် မတူမှု၊ နားလည်မှုလွဲမှားခြင်းများကြောင့် ပြ
နာများဖြစ်ပေါ်ရသည်ကို အများဆုံး တွေ့ရှိခဲ့ရကြောင်း၊ ကိုယ်ကျိုးရှာသောပြစ်မှုများမဟုတ်သဖြင့် ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ နည်းမှန် လမ်းမှန်ဆောင်ရွက်ကြရန်တည့်မတ်ပေးသည့်အနေဖြင့်သာ တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ပုသိမ်မြို့အတွက် စုစုပေါင်းချထားပေးခဲ့သော ဖုန်းအမျိုးအစားများမှာCDMA(၁၉၆၀၀)ကတ်၊GSM (၄၂၀၀)ကတ်၊ WCDMA(၃၃၀၀)ကတ် စုစုပေါင်း(၂၇၁၀၀)ကဒ်ကို ဖြန့်ဝေရောင်းချပေးခဲ့ပြီး ငွေဆောင်မြို့နယ်ခွဲကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်သြဂုတ်လမှအောက်တိုဘာလအထိ သုံးကြိမ်ရောင်းချခဲ့ရာတွင်(၁၄၀၀)ကတ်ကိုလည်းကောင်း၊ ရွှေ သောင်ယံမြို့နယ်ခွဲ(ချောင်းသာ)ဒေသတွင် စက်တင်ဘာလမှအောက်တိုဘာအထိ နှစ်ကြိမ်ရောင်းချခဲ့ ရာကတ် (၁၁၀၀)ကတ်ကိုလည်းကောင်း ဖြန့်ဝေရောင်းချခဲ့ပြီးဖြစ်သည်ဟု ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သိရှိရသည်၊

No comments:

Post a Comment