Friday, May 2, 2014

Tuesday, January 21, 2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရဲရဲဝံ့ဝံ့လက်မှတ်ထိုးကြဖို့ KNU ဥက္ကဌတိုက်တွန်း


တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့များအနေနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိရန်အတွက် အသိသက်သေ များရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြရန်အတွက် ကရင်ပြည်နယ်  KNU ဋ္ဌာနချုပ် လော်ခီးလားတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညီလာခံ၌ KNU ဥက္ကဌစောမူတူးစေးဖိုးက ပြောကြားခဲ့သည်။
“အမှားလုပ်မိမှာ မကြောက်ပါနဲ့။ အောင်မြင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပါဝင်ရမဲ့ ယန္တရားများနဲ့ သဘောတူညီချက်တွေကို ကဏ္ဍပေါင်းစုံနဲ့ ဘက်ပေါင်းစုံမှ အသိသက်သေများရဲ့ ရှေ့မှောက်မှာ ရဲရဲဝံ၀ံလက်မှတ်ထိုးသမိုင်းတင်ကြပါ။” ဟု KNU ဥက္ကဌ စောမူတူးစေးဖိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိတွေ့ဆက်ဆံခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများဖြင့် တစ်ဖက်နှင့်တစ်ဖက် အမြင်သဘောထားများကို တွေ့ဆုံ ဖလှယ် ကာ နှစ်ဘက်ယုံကြည်မှု တည်ဆောက်နိုင်မည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့်လုပ်ရပ်များကို ရှောင်ရှားစေလိုကြောင်း ၎င်းက ဆက်ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား စစ်မှန်သည့်ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ဘုံသဘောတူညီချက် များ ချမှတ်ပြီး အဆိုပါဘုံသဘောတူညီချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရာထည့်သွင်းပြင်ဆင်ရန် တိုင်းရင်း သားလက်နှက်ကိုင်အဖွဲ့များ ညီလာခံပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။
“ဥက္ကဌစောမူတူးစေးဖိုးက သမ္မတဦးသိန်းစိန်နဲ့လေးကြိမ်တွေ့ဆုံထားတဲ့ တစ်ဦးတည်သောသူဆိုတော့ ဒီဘက်က အခြေအနေကို တခြားသူတွေထက်ပိုပြီး နားလည်မှုရှိနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ စိုးရိမ်ကြောင့်ကြမှု သိပ်ရှိမနေသင့်ပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လုပ်ကြဖို့ ပြောဆိုတာပါ။” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အလုပ်အမှုဆောင် ဦးလှမောင်ရွှေက ပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကရင်ပြည်နယ် ဖားအံမြို့တွင်ပြုလုပ်မည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲမှတဆင့် ရလဒ်ကောင်းများရရှိရန် မျှော်လင့်ထားပြီး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရန် သဘော တူညီချက်များရရှိလာပါက တစ်လအတွင်း အသိသက်သေများ အားလုံးပါဝင်သည့် လက်မှတ်ရေးထိုးပွဲကိုနေပြည်တော်တွင် ကျင်းပသွားနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ တိုင်းရင်းသားညီလာခံပြီးဆုံးပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်းနှင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖေဖော်ဝါရီလလယ်ပိုင်းပြုလုပ်မည့် ဖားအံ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ မတိုင်မီ အလွတ်သဘောတွေ့ဆုံဆွေးနွေးရန်အစီအစဉ်ရှိသည်ဟု ငြိမ်းချမ်းရေးစင်တာ(MPC) မှ သိရသည်။
တိုင်းရင်းသားညီလာခံမှရရှိလာမည့် သဘောတူညီချက်များကိုပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့ ဖေဖော်ဝါရီလ ဘားအံမြို့တွင် ပြုလုပ်မည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးသွားမည်ဟု တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့များထံမှ သိရသည်။
ပထမအကြိမ်တိုင်းရင်းသားညီလာခံကို အောက်တိုဘာ(၃၀)ရက်နေ့မှ နိုဝင်ဘာ(၂)ရက်နေ့အထိ ကချင်ပြည်နယ်လိုင်ဇာမြို့၌ ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲံညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

တက္ကသိုလ်ပေါင်းစုံ MR. UNIVERSITY & MISS UNIVERSITY ပြိုင်ပွဲကျင်းပမည် (ပုံပါ


အောက်မြန်မာပြည်တက္ကသိုလ်ပေါင်းစုံ MR. UNIVERSITY & MISS UNIVERSITY ပြိုင်ပွဲကို ဇန်န၀ါရီလ ၃၀ ရက်နှင့် ၃၁ ရက်နေ့၌ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင် ပြုလုပ်ကျင်းပပြုလုပ်သွားမည်ဟု သိရှိရသည်။
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်တက္ကသိုလ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် MR. YANGON UNIVERSITY  & MISS YANGON UNIVERSITY ရွေးချယ်ပွဲကို ရန်ကုန်တက္ကသိုလ်ကျောင်သားများအပန်ဖြေရိပ်သာ RC ခန်းမဇန်န ၀ါရီ(၁၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကာယဗလမောင် Dဆိုင်းနောင် နှင့်တပ်ခန်းတွောင်၊ ကာယအလှမယ်အတွက် မနေရည်ဝင်းလဲ့နှင့်မမေရီသက်ထားတို့ကို ရွေးချယ်ထားကြောင်းသိရသည်။
“ဒီပြိုင်ပွဲမှာဝင်ရောက်ယှဉ်နိုင်ဖို့အတွက်ကို ပညာရေးဆိုတာ အားကစားနဲ့ဒွန်တွဲနေတာပါဆိုပြီးကျောင်းသူတွေကို သူတို့ဌာနတွေအထိသွားပြီး ဟောပြောပွဲတွေနဲ့စည်းရုံးခဲ့ရတယ်။ စည်းရုံးခဲ့တာ အောင်မြင်ပါတယ်။ ဆရာမဘ၀မှာ အပင်ပန်းဆုံးနဲ့ အအောင်မြင်ခဲ့ဆုံးဖြစ်ပါတယ်။ဂုဏ်ယူရတယ်။သင်ခန်းစာတွေအ များကြီးရခဲ့လို့ဝမ်းသာပါတယ်။ ”ဟု MISS YANGON UNIVERSITY ရွေးချယ်ပွဲကိုတာဝန်ယူကျင်းပ ပြုလုပ်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှ ဒေါက်တာ ဒေါ်သဇင်လွင်ကပြောသည်။
အဆိုရွေးချယ်ပွဲသို့ ကာယဗလမောင် လေးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကာယအလှမယ်ပြိုင်ပွဲတွင် အကြီးတန်မှ ပြိုင်ပွဲဝင် ၁၁ ဦးနှင့်အငယ်တန်းပြိုင်ပွဲဝင် ၁၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
MR. YANGON UNIVERSITY ပြိုင်ပွဲတွင် D ဆိုင်းနောင်ကပထမနှင့်တပ်ခန်းတွောင်ကဒုတိယ၊ MISS YANGON UNIVERSITY အငယ်တန်းပြိုင်ပွဲတွင် မနေရည်ဝင်းလဲ့ (ရူပဗေဒ ပထမနှစ်ထူးချွန်)က ပထမ၊ အကြီးတန်းပြိုင်ပွဲတွင် မမေရီသက်ထား(မဟာသိပံပထမနှစ်သင်္ချာ)က ပထမ ရရှိခဲ့ကြောင်းသိရ သည်။
“ရန်ကုန်တက္ကသိုလ်ကမယ်လေးတွေ သိပ်လှကြပါတယ်။ သူတို့ကိုကြည့်ရတာ ကြွရွမှုအားနည်းနေတယ်။ ကလေးတွေ လေ့ကျင့်မှုအချိန်မရတာလည်း ပါမှာပါ။ သူတို့တွေကို သေသေချာချာတတ်ကျွမ်း တဲ့နည်းပြတွေနဲ့ သင်ပြလေ့ကျင့် ပေးမယ်ဆိုရင် ဒီထက်တော်တဲ့ မယ်လေးတွေဖြစ်လာမှာပါ။ ကလေးတွေကပွဲကို နည်းနည်း ကြောက်စိတ်ဝင်နေ တယ်။အဲဒါကြောင့် အသက်ဝင်လှုပ်ရှားမှုအားနည်း နေတာပေါ့”ဟု ရန်ကုန်တက္ကသိုလ် MR. YANGON UNIVERSITY & MISS YANGON UNIVERSITY ရွေးချယ်ပွဲတွင်တက်ရောက်လာသည့် မြန်မာ့အလှမယ်ဟောင်း ထပ်ဆင့် အကယ်ဒမီ သရုပ်ဆောင် ဒေါ်ခင်သန်းနုက ၄င်းအမြင်ကို ပြောသည်။

ဆန်ချောဈေးကျဆင်းချိန် ဆန်ကြမ်းဈေးနှုန်းမြင့်တက်



၂၀၁၄ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကာလများမှစ၍ ဧရာဝတီတိုင်းဒေသမှထွက်ရှိသည့် ဆန်အချောဈေးနှုန်းများမှာ ဆန် တစ်အိတ်လျှင် ကျပ်ငွေနှစ်ထောင်ကျော်ဈေးတက်ခဲ့သော်လည်း လက်ရှိတွင် ဈေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်း လာခဲ့သည်ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

ယခုနှစ် ဧရာဝတီတိုင်းဒေသကြီးမှ မိုးစပါးအထွက်နှုန်းကောင်းမွန်ပြီး ဆန်ပေါများကာ ဈေးနှုန်းများကျလေ့ရှိသည့် ကာလဖြစ်သော်လည်း အညာဒေသမှ အချောဆန်ဝယ်လိုအားများခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

“အညာက စပါးတွေ ၃၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်လို့ သတင်းထွက်ပြီး၊ အောက်ဘက်ကဆန်တွေ ဆင်းဝယ်လို့ ဒီဘက်က ဆန်တွေကပါ ဈေးတက်သွားတာ။ အခုတော့ ၀ယ်လိုအားနည်းသွားလို့လား မသိဘူး နည်းနည်းပြန်ကျလာပြီ။ ဆန်ဈေးက ပြန်ကျ လာမှာပါ။” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အဖွဲ့ဝင် ဦးမြင့်ဝင်းက ပြောသည်။

လက်ရှိအချိန်သည် ဆန်ပေါသည့်ကာလဖြစ်သည့်အပြင် နွေးစပါးများမှာလည်း မတ်လ၀န်းကျင်တွင် ထပ်မံထွက်ရှိမည်ဖြစ်သည့် အတွက် ဆန်ဈေးနှုန်းများကျဆင်းလာနိုင်သည်ဟု ဆန်ကုန်သည်တို့က သုံးသပ်သည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့ အချောဆန်အကျိုးအကြေပါဝင်မှုပေါ်တည်၍ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ်ငွေ (၂၃၀၀၀ မှ ၂၅၀၀၀) ကြား မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ်ငွေ (၂၄၀၀၀ မှ ၂၆၅၀၀) ကြား၊ ပေါ်ဆန်း(နယ်စုံ)တစ်အိတ်လျှင် ကျပ်ငွေ (၂၂၀၀၀ မှ ၂၄၅၀၀) ကြားပေါက်ဈေးရှိကာ ဇန်န၀ါရီလလယ်ပိုင်းကာလများကထက် ဆန်တစ်အိတ်လျှင် ကျပ်ငွေ
(၁၀၀၀) ၀န်းကျင် ဈေးနှုန်းပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။

အချောဆန်ဈေးနှုန်းများ အနည်းငယ်ပြန်လည်ကျဆင်းလာသော်လည်း Export တင်ပို့သည့် အကြမ်းဆန် ဈေးနှုန်းများမှာ ကျဆင်းလာခြင်းမရှိပဲ အမြင့်ဈေး၌သာ ဆက်လက်ရပ်တည်နေကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အတွက် တရုတ်နိုင်ငံမှ အ၀ယ်နည်းသွားမည်ဖြစ်သော်လည်း အရန်ဆန် ၀ယ်ယူမှု၊ တပ်မတော်ရိက္ခာအတွက် ဆန်ဝယ်ယူမှုနှင့် သင်္ဘောတင် (Over Sea) များကြောင့် အကြမ်းဆန်ဈေး မှာ ကျဆင်းနိုင် ခြေ မရှိဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယ-ဥက္ကဌ ဦးချမ်းသာဦးက ဆိုသည်။

“တရုတ်က အ၀ယ်ခဏ ရပ်သွားတာဖြစ်ပေမယ့် ဆန်စပါးအသင်း ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ အရန် ဆန်ဝယ်တာ၊ တပ်က ဆန်ဝယ်တာ၊ သင်္ဘောတင်တာရယ်ကြောင့် ထင်သလိုတော့ ကျမသွားနိုင်ဘူး။ ဒါပေမယ့် ဈေး အတက်တော့ ရပ်သွားမည်။” ဟု ဦးချမ်းသာဦးက ပြောသည်။

တရုတ်နှစ်သစ်ကူးကာလဖြစ်၍ တရုတ်ကုန်သည်များမှ ဆန်ဝယ်ယူမှုခဏရပ်တန့်မည်ဖြစ်ပြီး တရုတ်ကုန်သည်များမှ
ပြန်လည်ဝယ်ယူသည့်အချိန်အတွက် ပြည်တွင်းဆန်ကုန်သည်များမှ ဆန်ကြိုတင်ဝယ်ယူစုဆောင်းသည်များလည်းရှိနိုင်၍ အကြမ်းဆန်မှာ အမြင့်ဈေးနှင့်သာ ရပ်တန့်နေနိုင်ဖွယ်ရှိကြောင်း တရုတ်သို့ဆန်တင်ပို့သည့် ဆန်ကုန်သည်များက
သုံးသပ်ကြသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း ကာလများတွင် ဆန်အကျိုးအကြေပါဝင်မှုပေါ်မူတည်၍ ကျပ်ငွေ (၁၃၃၀၀ မှ ၁၅၇၀၀) ကြားပေါက်ဈေးရှိသည့် အကြမ်းဆန်တစ်အိတ်လျှင် ယခုအခါ တစ်အိတ်လျှင် (၁၃၈၀၀ မှ ၁၇၂၀၀) ကြား ပေါက်ဈေးရှိကြောင်း သိရသည်။

ပြိုင်ဆိုင်ဝယ်ယူမှုများကြောင့် ပုသိမ်မှတန်ဖိုးနည်းဖုန်းမှာ ကျပ်တစ်သိန်းကျော်အထိ ဈေးမြောက်လာ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တန်ဖိုးနည်း CDMA 800Mhz ဖုန်းကတ်များကို ယခုရက်ပိုင်အတွင်း မြောင်းမြ မြို့နယ်ရှိ ကျေးရွာများမှ အ၀ယ်လိုက်နေသောကြောင့် တန်ဖိုးနည်းဖုန်းဆင်းကတ်ဈေးနှုန်းများမှာ ကျပ်သိန်းချီ မြင့် တက်လာကြောင်း ဖုန်းဆင်းကဒ်အရောင်းအ၀ယ်ပွဲစားများထံမှ သိရှိရသည်။
“မြောင်းမြမြို့နယ်က ရွာတွေက အ၀ယ်လိုက်နေတဲ့အတွက် အရင်ကတန်ဖိုးနည်း CDMA800 Mhz ဖုန်းကတ်တွေက အများဆုံးကျပ်ခြောက်သောင်းကျပ်ကနေ ဒီရက်ပိုင်းအတွင်းမှာ တစ်သိန်းကျော် အထိဈေးမြင့်တက်နေတယ်။ တခြားတန်ဖိုးနည်းဖုန်းတွေကတော့ အရင်အတိုင်းပါ ပဲ”ဟု ပုသိမ်မြို့ မှဖုန်ဆင်းကတ်အရောင်းအ၀ယ်လုပ်နေသူ ကိုခင်မောင်သိန်းက ပြောသည်။
လက်ရှိတွင်ပုသိမ်မြို့ဖုန်းဈေးကွက်အတွင်းနှစ်သိန်းတန်GSMဖုန်းမှာ တစ်သိန်းခွဲနှင့်နှစ်သိန်းဝန်းကျင်၊ တန်ဖိုးနည်း GSMဖုန်းမှာ ကိုးသောင်းဝန်းကျင်၊ တန်ဖိုးနည်းWCDAဖုန်းများမှာ ရှစ်သောင်းဝန်းကျင်ဈေးရှိနေပြီး ငါးသိန်းတန်ဖုန်း များမှာကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပြီး အတည်တကျဈေးနှုန်းမရှိကြောင်းနှင့် ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာ များမှလည်း အလုံးရေ များပြားစွာလာရောက်ဝယ်ယူလေ့ရှိသည်ဟု ကိုခင်မောင်သိန်းထံမှသိရသည်။
“ရပ်ကွက်တွေထဲမှာတော့ ပြီးခဲ့တဲ့ သင်္ကြန်အကျော်လောက်ကတည်းက ချပေးနေတာ။ ဒါပေမဲ့မရတဲ့ အိမ်တွေက အများကြီး ရှိနေတယ်။ သုံးယောက်လောက်နေတဲ့ တစ်အိမ်တည်းကပဲ ငါးကတ်လောက် ပေါက်နေတော့ ရပ်ကွက် ဖြစ်ဖြစ် ရွာဖြစ်ဖြစ်မိသားစုချင်း ပြိုင်ဆိုင်မှုတွေများလာတယ်။ အဲ့တော့နင်တို့လို ကလိမ်ကကျစ်လုပ်မှ ဖုန်းကိုင် နိုင်တာ မဟုတ်ဘူး။ ကိုယ်ပိုက်ဆံနဲ့ကိုယ်လည်းဝယ်ကိုင်နိုင်တယ်ဆိုပြီး ပြိုင်ဝယ်နေရင်းနဲ့ ဈေးတွေထိုးတက်နေတာ”ဟု ၄င်းကဆက်ပြောသည်။
ပုသိမ်မြို့နယ်အတွင်း၌ ၂၀၁၃ဧပြီလမှ အောက်တိုဘာလအတွင်း တန်ဖိုးနည်းဖုန်းဆင်းကတ် (၂၇၁၀၀)ကို ဖြန့်ဝေ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရသိရသည်။
ထိုကဲ့သို့ ဖုန်းဆင်းကတ်ချထားပေးရာတွင် ဖြစ်ပေါ်ခဲ့သောပြဿနာများနှင့်ပတ်သက်၍ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှတာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ပြောဆိုသည်။
“ရပ်ကွက်နဲ့ကျေးရွာတွေအတွက် ဖုန်းကတ်ခွဲတမ်းတွေကိုဖြန့်ဝေရောင်းချပေးတဲ့အခါမှာ ဧပြီလတစ်လတည်းပဲ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး အဲဒီလနောက်ပိုင်းမှာတော့ ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုဖွဲ့တွေက ကြီးကြပ်ဆောင်ရွက်ပေးခဲ့တာပါ”ဟု ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ အချို့သောရပ်ကွက်၊ကျေးရွာများမှ နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း တိုင်ကြား မှုများရှိခဲ့သဖြင့် ကြီးကြပ်ဆောင်ရွက်သူများအနေဖြင့် လုပ်ငန်းသဘောနားလည် ကျွမ်းကျင်မှုအားနည်းခြင်း၊ တိုင်ကြား သူနှင့် တိုင်ကြားခံရသူ အကြားအမြင် မတူမှု၊ နားလည်မှုလွဲမှားခြင်းများကြောင့် ပြ
နာများဖြစ်ပေါ်ရသည်ကို အများဆုံး တွေ့ရှိခဲ့ရကြောင်း၊ ကိုယ်ကျိုးရှာသောပြစ်မှုများမဟုတ်သဖြင့် ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ နည်းမှန် လမ်းမှန်ဆောင်ရွက်ကြရန်တည့်မတ်ပေးသည့်အနေဖြင့်သာ တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ပုသိမ်မြို့အတွက် စုစုပေါင်းချထားပေးခဲ့သော ဖုန်းအမျိုးအစားများမှာCDMA(၁၉၆၀၀)ကတ်၊GSM (၄၂၀၀)ကတ်၊ WCDMA(၃၃၀၀)ကတ် စုစုပေါင်း(၂၇၁၀၀)ကဒ်ကို ဖြန့်ဝေရောင်းချပေးခဲ့ပြီး ငွေဆောင်မြို့နယ်ခွဲကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်သြဂုတ်လမှအောက်တိုဘာလအထိ သုံးကြိမ်ရောင်းချခဲ့ရာတွင်(၁၄၀၀)ကတ်ကိုလည်းကောင်း၊ ရွှေ သောင်ယံမြို့နယ်ခွဲ(ချောင်းသာ)ဒေသတွင် စက်တင်ဘာလမှအောက်တိုဘာအထိ နှစ်ကြိမ်ရောင်းချခဲ့ ရာကတ် (၁၁၀၀)ကတ်ကိုလည်းကောင်း ဖြန့်ဝေရောင်းချခဲ့ပြီးဖြစ်သည်ဟု ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သိရှိရသည်၊

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မြေဈေး ရက် ၂၀ အတွင်း ကျပ်သိန်းထောင်ချီဖြစ်လာ


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ရက်၂၀ အတွင်း သိန်းတစ်ထောင်နီးပါး ဈေးနှုန်းမြင့်တက်လာသည်ဟု ရန်ကုန်အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရှိရသည်။
အဆိုပါရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ အိမ်ခြံမြေများမှာ လှိုင်သာယာမြစ်ကူးတံတားမဆောက်ခင် အချိန်က တစ်ဧက ကိုကျပ်သိန်း၂၅၀၀မှသိန်း ၃၀၀၀ အတွင်းသာရှိပြီး တံတားစတင်ဆောက်လုပ်သည့် အချိန်မှစ၍ တဖြည်းဖြည်း ဈေးမြင့်တက်လာခဲ့ပြီး လက်ရှိအချို့နေရာများ၌ တစ်ဧကလျှင် ကျပ်သိန်းလေးထောင်အထိ ဈေးမြင့်တက်လာခြင်း ဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်အသိုင်းအ၀ိုင်းက သိရှိရသည်။
 “တံတားမဆောက်ခင် အချိန်တုန်းက အရောင်းအ၀ယ်အေးတယ်။ ဈေးနှုန်းလည်း အခုလိုမမြင့်ဘူး။ အခုတံတားက ဆောက်နေပြီဆိုတော့ အိမ်ခြံမြေဈေးနှုန်းတွေက သိသိသာသာမြင့်တက်လာတယ်။ ဈေးကမြင့်နေပေမယ့်လည်း ရောင်းသူဝယ်သူအဆင်ပြေရင် အရောင်းအ၀ယ်ကတော့ ဖြစ်ကြတာပါပဲ” ဟု Estate Myanmar မှလှိုင်သာယာ မြို့နယ်အိမ်ခြံမြေကိုယ်စားလှယ်ကိုနိုင်မျိုးဦးက ပြောသည်။
၂၀၁၃ ခုနှစ်နှောင်းပိုင်းဖြစ်သည့် ဒီဇင်ဘာလကုန်ပိုင်းမှစတင်လှိုင်သာယာမြို့နယ်အတွင်းရှိ အိမ်ခြံ မြေများ အရောင်းအ၀ယ်များ ပြန်လည်လှုပ်ခတ်လာပြီး တစ်လမကုန်ခင်အချိန်မှာပင်အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းဖြစ်သည်။
“ဒီဘက်မြေကွက်အရောင်းအ၀ယ်တွေက ဆီးဂိမ်းမကျင်းပမီ ကာလတုန်းကဆို တော်တော်အေးနေခဲ့တာ။ အခု ဆီးဂိမ်းပွဲတော်ပြီးသွားတဲ့ နောက်ပိုင်းကစပြီး အရောင်းအ၀ယ်နဲ့အငှားပါ အလုပ်နည်းနည်း ဖြစ်လာတယ်” ဟု လှိုင်သာယာမြို့နယ်မှ အိမ်ခြံမြေပွဲစားမသော်သော်နိုင်ကပြောသည်။
၂၀၁၃ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအတွင်းမှ စတင်ကာ လှိုင်သာယာမြို့နယ်ရပ်ကွက်အတွင်းရှိ မြေကွက်များသာမက စက်မှုဇုံမြေကွက်များပါ အရောင်းအ၀ယ်အနည်းငယ်ဖြစ်လာကြောင်း၊ ၂၀၁၂ ခုနှစ်၏ အရောင်းအ၀ယ် ဈေးကွက်နှင့် နှိုင်းယှဉ်ပါက အရောင်းအ၀ယ်နည်းသော်လည်း ၂၀၁၃ခုနှစ်အတွင်း စက်မှုဇုံမြေကွက်များမှာ အ၀ယ်ထက်အငှားသာ ပိုမိုအလုပ်ဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်ရှိသော ပေ ၄၀× ၆၀ အိမ်ပါ မြေတစ်ကွက်လျှင် ၂၀၁၂ ခုနှစ်အတွင်းကရောင်းဈေးသိန်း(၇၀၀)၀န်းကျင်သာပေါက် ဈေးရှိ ခဲ့ရာမှ ၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျပ် သိန်းတစ်ထောင်ကျော်ဝန်းကျင်အထိပေါက်ဈေးရှိ လာကြောင်း နှင့် ပေ၂၀× ၆၀ မြေ တစ်ကွက်လျှင် ရက်၂၀ မတိုင်ခင်က ကျပ်သိန်း(၃၀၀)၀န်း ကျင်သာရှိပြီး လက်ရှိအချိန်တွင် ကျပ်သိန်း(၆၀၀) ၀န်းကျင်အထိ ဈေးပေါက်လျက်ရှိကြောင်း လှိုင်သာယာမြို့နယ်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင် များထံမှ သိရှိရသည်။