ဒုတိယအကြိမ်
ချင်းအမျိုးသားညီလာခံ၏ ထုတ်ပြန်ကြေငြာချက်
(၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ရက်၊ ဟားခါးမြို့၊ချင်းပြည်နယ်)
အနာဂတ်
ချင်းအမျိုးသားအရေးကိစ္စများတွင် ကိုင်စွဲကျင့်သုံးသွားမည့် ဘုံသဘောထား ရပ်တည် ချက်များ
ချမှတ်နိုင်ရေးအလို့ငှာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းနိုင်ငံရေးပါတီများ၊ ချင်းအမျိုးသားပါတီ(CNP)၊
ချင်းတိုးတက်ရေးပါတီ (CPP)နှင့် တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ(ENDP)တို့မှ
လွှတ်တော်ကိုယ်စား လှယ်များ၊ ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ ချင်းအမျိုးသားတပ်ဦး၊
မြို့နယ်နှင့် နေရာဒေသအသီးသီးမှ ချင်းရပ်မိရပ်ဖနှင့် မျိုးနွယ်စုခေါင်းဆောင်များအပါအ၀င်
ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဘာသာအသီး သီးမှ ခေါင်းဆောင်များ၊ ချင်းအမျိုးသမီး
ကိုယ်စားလှယ်များ၊ ချင်းလူငယ်ကိုယ်စားလှယ်များနှင့် ချင်းကျောင်း သား အဖွဲ့ကိုယ်စားလှယ်များ
စသည့် အလွှာပေါင်းစုံမှ ချင်းအမျိုးသမီး၊ အမျိုးသားကိုယ်စားလှယ် စုစုပေါင်း (၅၇၁) ဦးဖြင့်
ချင်းအမျိုးသား ညီလာခံကို ချင်းပြည်နယ် ဟားခါးမြို့၌ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ မှ
၁၅ရက်ထိ ကျင်းပခဲ့သည်။ ညီလာခံအတွင်း ဆွေးနွေးညှိနှိုင်းချက်များမှ ထွက်ပေါ်လာသော အောက်ပါဘုံ သ
ဘောတူညီချက်များကို ထုတ်ပြန်လိုက်သည်။
၁။
နိုင်ငံတော် သမ္မတ၏ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် လက်နက်ကိုင် ပဋိပက္ခများ၏
ဇစ်မြစ်ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟူသော ကတိက၀တ်အပေါ် ဤညီလာခံမှ ကြိုဆိုသည်။
ဤကဲ့သို့ ဖြေရှင်းနိုင်ရန် အားလုံးသဘောတူညီသော နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များကို
ချမှတ်ပြီး တစ်ပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ် ရပ်စဲရေးများ ပြုလုပ်ကာ အမျိုးသား အဆင့်
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ချက်ချင်းပြုလုပ်ရန် ဤညီလာခံမှ တောင်းဆိုသည်။
၂။
"ချင်း" ဟူသော အမည်နာမအား အမျိုးသားအမည် (National Name)အဖြစ် အသုံးပြုရန်
လက်ခံပြီး ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးနေရာ၌
"ချင်း" ဟူ၍သာ ထည့်သွင်းရန် သဘောတူညီသည်။ ချင်းအမျိုးသားတို့၏ မျိုးနွယ်စုများကို
သတ်မှတ်ခြင်းနှင့် ပက်သတ်ပြီး ချင်းအမျိုးသားတို့ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
၃။
ချင်းမျိုးနွယ်စုများ၏ ဓလေ့ထုံးတမ်း ဥပဒေများကို စုစည်းမှတ်တမ်းတင်၍ ဓလေ့ထုံးတမ်း
ဥပဒေ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေရန်နှင့် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လိုအပ်သလိုပြုပြ င်ပြောင်းလဲရန်
သဘောတူသည်။
၎။
နိုင်ငံတော်က ချင်းပြည်နယ်နှင့် ချင်းလူမျိုးများအတွက် စီးပွားရေး အခြေခံအဆောက်အအုံများနှင့်
လူမှုရေး အခြေခံအဆောက်အအုံများကို မဟာဗျူဟာ ကျကျ ကောင်းမွန်လုံလောက်စွာ တည်ဆောက်အကောင်
အထည်ဖော်ဆောင်ရွက်ပေးရန် ဤညီလာခံမှ
တောင်းဆိုသည်။
၅။
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရာတွင် လိုအပ်သော လမ်းညွှန်အခြေခံမူ
များကို ချမှတ်ပြီး ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်နှင့်
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်ကို စစ်မှန်သော ဖက်ဒရယ်စနစ်သို့ ဦးတည်ပြီး ပြင်ဆင်ရန်
သဘောတူသည်။
၆။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃
- ၂၀၂၂ (NSPAW)ကို ကြိုဆိုထောက်ခံပြီး ချင်းပြည်နယ်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရန်
ဤညီလာခံမှ တိုက်တွန်းသည်။
ထို့အပြင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း
(CEDAW)ပါ ပြဌာန်းချက်များအရ ချင်းအမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုနှင့်
အကြမ်း ဖက်မှုများ ပပျောက်ရေးအတွက် အမျိုးသမီး၊ အမျိုးသားများ လက်တွဲပူးပေါင်း၍ ဆောင်ရွက်ရန်ကို
လည်းကောင်း၊ နိုင်ငံရေး၊ ငြိမ်းချမ်း လုံခြုံရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး
နယ်ပယ်အသီးသီး၌ အမျိုးသမီးပါဝင်မှု အနည်းဆုံး (၃၀) ရာခိုင်နှုန်းအထိ ရရှိစေရန်ကိုလည်းကောင်း
သဘောတူကြသည်။
၇။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ မြေယာနှင့် သဘာဝအရင်းအမြစ်ဆိုင်ရာ အခန်းကဏ္ဍနှင့်
လုပ်ပိုင်ခွင့်တွင် ပြည်နယ်အစိုးရက ပိုမိုအရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခွင့်ရှိရန်နှင့်
ဒေသခံဌာနေတိုင်းရင်း သားများ၏ သဘောတူညီမှုနှင့် ပါဝင်မှုကို ဦးစားပေးဆောင်ရွက်ရန်လည်းကောင်း၊
သဘာဝအရင်းအမြစ်မှ ရရှိသော ၀င်ငွေကို ပြည်ထောင်စုနှင့် ပြည်နယ်များအတွက် မျှတသော ခွဲဝေမှုစနစ်
သတ်မှတ်၍ ဥပဒေ ပြဌာန်းရန်လည်းကောင်း၊ မြေယာနှင့် သဘာဝအရင်းအမြစ်ကိစ္စများတွင် ပွင့်လင်းမြင်သာမှုနှင့်
တာဝန်ခံမှုရှိရန်လည်းကောင်း ဤညီလာခံမှ
တောင်းဆိုသည်။
၈။
ချင်းလူမျိုးများအပါအ၀င် အခြားလူနည်းစု ဘာသာဝင်များ တွေ့ကြုံခံစားနေရသည့် ဘာသာရေး ဖိနှိပ်
ချုပ်ခြယ်မှုများ၊ ခွဲခြားဆက်ဆံမှုများ ပပျောက်နိုင်ရန် လူနည်းစုဘာသာဝင်များ၏ လွတ်လပ်စွာ
တွေးခေါ်၊ ကိုးကွယ်၊ ယုံကြည်ခွင့်ကို ကာကွယ်သည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ
ဘာသာများ အားလုံးတန်းတူ အခွင့်အရေး ရရှိနိုင်စေရန် သာသနာရေးဝန်ကြီးဌာနကို လွတ်လပ်၍
ဘက်မလိုက်သော သာသနာရေးဆိုင်ရာ ကော်မရှင်ဖြင့် အစားထိုးဖွဲ့စည်းရန် ဤညီလာခံမှ တောင်းဆိုသည်။
၉။
ချင်းလူမျိုးများ ဒုက္ခသည် (Refugee) ဖြစ်ရသည့် အကြောင်းရင်းများဖြစ် သည့် နိုင်ငံ၏ နိုင်ငံရေးအုပ်ချုပ်စီမံမှု
ညံ့ဖျင်းခြင်း၊ ဌာနေတိုင်းရင်းသားလူမျိုးများ ခွဲခြားဆက်ဆံခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများကို
အပေါင်း လက္ခဏာဆောင်သည့် ငြိမ်းချမ်းရေး (Positive Peace)၊ အပေါင်းလက္ခဏာဆောင်သည့် လွတ်လပ်ခြင်း
(Positive Freedom) နှင့် ပဋ္ဋိပက္ခဖြေရှင်းခြင်း(Conflict Resolution)များ လုံလောက်စွာ
ရှိမှသာ ဌာနေပြန် ဒုက္ခသည်များအတွက် လုံခြုံမှုရှိမည်ဟု သဘောတူသည်။
၁၀။ ချင်းပြည်နယ်နှင့် ဖွံ့ဖြိုးမှုပိုမိုနောက်ကျသော
ချင်းလူမျိုးများနေထိုင်ရာ မြို့နယ်ဒေသအသီးသီးများတွင် အစာရေစာဖူလုံမှု ရှိစေရန် လိုအပ်သည့်
စိုက်ပျိုးမွေးမြူရေး စနစ်များအပြင် လက်တွေ့ အကောင်အထည် ဖ်ာနိုင်ရန် လမ်းပမ်းဆက်သွယ်ရေး
ကောင်းမွန်ရေး၊ အတိုးနည်းနှစ်ရှည်စိုက် ပျိုးမွေးမြူရေး ချေးငွေများ ထောက်ပံ့ရေး၊ မြေယာပိုင်ဆိုင်ခွင့်၊
ရေရှည်အကျိုးပြု စိုက်ပျိုးရေးစနစ် ထွန်းကားရေးနှင့် ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးများ
ပါဝင်သည့် စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်းများ၊ မူဝါဒနှင့် ဥပဒေများကို ဒေသခံ အရပ်ဖက်လူမှု
အဖွဲ့အစည်းများအပါအ၀င် သက်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်း၍ ရေးဆွဲပြဌာန်းပေးရန် ဤညီလာခံမှ
တောင်းဆိုသည်။
၁၁။
ပညာရေးကဏ္ဍတွင် ပြည်နယ်အစိုးရအား လုပ်ပိုင်ခွင့် (၈၀) ရာခိုင်နှုန်းအထိ ပေးအပ်ကြောင်း
ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းရန် ဤညီလာခံမှ တောင်းဆိုသည်။
၁၂။
ဤညီလာခံမှ ဆုံးဖြတ်ချက်များကို
အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီတစ်ရပ်အား (၁) ဒေသအခြေပြုကိုယ်စားလှယ်များ၊
(၂) အမျိုးသမီး ကိုယ်စားလှယ်များ၊ (၃) လူငယ်ကိုယ်စားလှယ်များ၊ (၄) ချင်းနိုင်ငံရေးပါတီများမှ
ကိုယ်စားလှယ်များ၊ (၅) ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ (၆) ညီလာခံ
Resource Persons များ၊ (၇) ညီလာခံ ပူးပေါင်းကျင်းပရေး ကော်မတီမှ ကိုယ်စားလှယ်များ၊
(၈) တတ်သိပညာရှင်များ စုစုပေါင်း (၄၅)ဦးဖြင့် ဖွဲ့စည်းရန် သဘောတူပါသည်။
၁၃။
ဤချင်းအမျိုးသားညီလာခံသည် ချင်းပြည်နယ်အတွင်းရှိ ချင်းလူမျိုးများ၊
ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ၊ နိုင်ငံတကာရောက် ချင်းလူမျိုးများ
ပါဝင်တက်ရောက်ကြပြီး ချင်းအမျိုးသားများ၏ ဘုံသဘောထားရပ်တည်ချက်များ
ချမှတ်နိုင်ခဲ့သဖြင့် ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုကို အခိုင်အမာ
တည်ဆောက်နိုင်သည့် ချင်းအမျိုးသားညီလာခံကြီးဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
ဆက်သွယ်ရန် ပုဂ္ဂိုလ်များ
-
ဆလိုင်း
အိုက်ဇက်ခင် - ၀၉ ၄၅၀၀ ၃၅၈၈၅
ဒေါက်တာ
ရွှေခါးရ် - ၀၉ ၄၀၀၅ ၁၁၉၉၉
ဆလိုင်း
ငယ်ပီး - ၀၉ ၄၃၁ ၆၃၅၃၉
No comments:
Post a Comment